အလှကုန်နဲ့ ဓာတ်မတည့်ရင် (Cosmetics Allergy)
Skin Care တွေ၊ မိတ်ကပ်တွေ အသုံးများလာတဲ့ ဒီခေတ်မှာ အလှကုန် (Cosmetics) တွေနဲ့ ဓာတ်မတည့်ခြင်းမျိုးက အနည်းနဲ့အများ ဖြစ်ဖူးကြပါလိမ့်မယ်.... ဒါကြောင့် အလှကုန် ဓာတ်မတည့်ခြင်း (Cosmetics Allergy) အကြောင်းလေး ပြောပြမယ်နော်...
ဓာတ်မတည့်ခြင်းဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ မတည့်တဲ့အရာတစ်ခုခုကို ထိတွေ့သုံးစွဲမိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ ဆန့်ကျင်ပစ္စည်း (Antibody) တွေကို ထုတ်လွှတ်ပေးတာမျိုးပါ။ အစားအသောက်တွေ၊ ရနံ့တွေကနေ အလှကုန်ပစ္စည်းတွေအထိ ဓာတ်မတည့်စေတဲ့အရာ များစွာရှိနိုင်ပါတယ်...
အလှကုန် ဓာတ်မတည့်ခြင်း အနေနဲ့ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေ၊ Lotion တွေ၊ Skin Care တွေ၊ ရေမွှေးတွေ စသဖြင့် သုံးစွဲတဲ့ အလှကုန်တွေမှာ ပါရှိနေတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင်
- ရနံ့အနေနဲ့ ထည့်တာတွေ
- ကြာရှည်ခံအောင် ထည့်ရတဲ့ အရာတွေ
- အရောင်အနေနဲ့ ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေနဲ့
- ရွှေတို့၊ ပြဒါးတို့လို သတ္တုပစ္စည်းတွေကြောင့် ဓာတ်မတည့်ခြင်း အဓိက ဖြစ်တတ်ပါတယ်။
ပါဝင်ပစ္စည်းထဲမှာ Parabens, Imidazolidinyl urea, Quaternium-15, DMDM hydantoin, Phenoxyethanol, Methylchloroisothiazolinone နဲ့ Formaldehyde စတာတွေ ပါနေရင် Cosmatics Allergy ကို သတိထားသင့်ပါတယ်။ ထိုပစ္စည်းတွေက ဓာတ်မတည့်မှုကို အများဆုံးဖြစ်စေတဲ့ ပစ္စည်းတွေ ဖြစ်လို့ပါ....
ဓာတ်မတည့်တာ ဘယ်လို သိနိုင်သလဲ??
ဓာတ်မတည့်တဲ့အခါ အောက်ပါလက္ခဏာတွေ ကြုံရနိုင်ပါတယ်။
- အနီစက်ထွက်တာ၊
- ယားယံတာ၊
- ယောင်လာတာ၊
- အရေပြားတွေ ကွာကျတာ၊
- အသက်ရှူကျပ်တာနဲ့
- အသက်အန္တရာယ် ထိခိုက်တာတွေ စသဖြင့်ပေါ့။
ဘယ်အချိန်မျိုးမှာ သိနိုင်လဲဆိုရင်တော့ အလှကုန်ပစ္စည်း အသစ်တစ်ခုခုကို စသုံးသုံးခြင်းမှာပဲ ဖြစ်နိုင်သလို သုံးနေတာ နှစ်တွေကြာမှ ဓာတ်မတည့်မှန်း သိတာမျိုးလည်း ရှိနိုင်ပါတယ်...
ဘယ်လိုကာကွယ်မလဲ??
- ပါဝင်ပစ္စည်း (Ingredients) အနည်းဆုံး အလှကုန်ကို ရွေးချယ်ပါက ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်၊
- အလှကုန် အသစ်တစ်ခု မသုံးခင်မှာ အရင်စမ်းသပ်သင့်ပါတယ်။ Patch test ပမာဏ အနည်းငယ်ကိုယူပြီး တံတောင်ဆစ် အတွင်းဘက်မှာ လိမ်းပြီး ၄၈ နာရီကနေ ၇၂ နာရီအထိ ထားတဲ့အခါ ယားတာ၊ ယောင်တာ၊ အင်ပြင်ထတာမျိုး ရှိမရှိစောင့်ကြည့်ပြီး စိတ်ချရမှ သုံးတာမျိုး လုပ်သင့်ပါတယ်၊
- အရမ်းထိခိုက်လွယ်တဲ့ အသားအရည်မျိုးမှာတော့ အထက်ပါ Patch Test နဲ့ စမ်းသပ်ရင်တောင်မှ စိတ်မချရတာမို့ အသစ်ပြောင်းလဲ သုံးစွဲတဲ့အခါ သတိကြီးစွာထားပြီး ကိုယ်နဲ့ မတည့်တဲ့အရာ ပါမပါ သေချာစွာကြည့်ဖို့ အကြံပေးပါရစေ၊
- ကိုယ်နဲ့ ဓာတ်မတည့်ခြင်း ဖြစ်ဖူးတဲ့ Products တွေကိုလည်း သေချာစွာ မှတ်သားထားရပါမယ်။
ကုသမှု အနေနဲ့ကတော့ ဓာတ်မတည့်တဲ့ အလှကုန်ကို ချက်ချင်းရပ်ပါ၊ ပြီးရင် နားလည် တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ ကျန်းမာလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။